`ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား´ ဆိုတဲ့ စာတမ်းလေးကို ကြားမိတော့ ဒီစာတမ်းလေးကို ကျွန်တော်ပြင်ခွင့်ရှိမယ်ဆိုရင် ပြင်လိုက်ပါရစေ။ `ညီလေးက အချစ်တစ်ခုကိုယုံကြည်ကိုးကွယ်သတဲ့လား´ ပေါ့ဗျာ။ `ဟုတ်တယ်´၊ `ကိုးကွယ်ခဲ့တယ်၊ ကိုးကွယ်နေတုန်း၊ ယုံကြည်နေတုန်း၊ မျှော်နေတုန်းပါ´ `ချစ်သူရယ် ပြန်လာခဲ့ပါကွယ်လို့´ ထာဝရပြောနေတုန်းပါ။

ကျွန်တော် သူမကိုချစ်ခဲ့တာ ၉ တန်းကျောင်းသားဘ၀ကပါ။ သူမကို အဲဒီအချိန်ကစပြီး လိုက်ခဲ့တဲ့သူပါ။ ကျွန်တော်တို့ ၁၀ တန်းအောင်တော့ ချစ်သူတွေဖြစ်ခဲ့ကြတော့ နှစ်ဖက်အသိုင်းအ၀ိုင်းကော၊ သူငယ်ချင်းတွေပါ မသိအောင်နေပြီး ချစ်ခဲ့ကြတာ ၁၀ နှစ်ကျော် တိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက် အရေးအတွက်ရှေ့ရေးကို မျှော်မှန်းမိတော့ ရေမြေခြားထွက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ပြန်ရောက်မယ့်နေ့ကို ကြိုတင်ဖုံးဆက်ပြီး ပြောတော့လည်း ချစ်သူကလှိုက်လှဲပြုငှါလို့ပေါ့ဗျာ။ ကျွန်တော်ပြန်ရောက်ပြီး နောက်နေ့မှာ ဂါဝန်နီနီလေးဝတ်ပြီး သူမအိမ်ကနေကားပေါ်တက်ခါ ထွက်ခွါတော့ ခြံဝကမရောင်မလည် ကျွန်တော့်ကို လက်ပြသွားခဲ့ပါတယ်။

နောက်နေ့ မနက်သတင်းစာမှာတော့ နှစ်ဦးသဘောတူလက်ထပ်ခြင်းမှာ ချစ်သူနာမည်လှလှလေးကို တွေ့လိုက်ရတယ်။ မယုံကြည်လို့ သတင်းတွေစုံစမ်းတော့ America က လူတစ်ယောက်ကို သူမသဘောနှင့် သူမရွေးချယ်ကာ မိဘတွေတားတဲ့ကြားက သူမလက်ထပ်ပြီး လိုက်သွားခဲ့တာတဲ့ဗျာ။ ဪ ချစ်သူက သူမဘ၀ကောင်းဖို့တွက် အချစ်ကိုမေ့ ငွေကိုကိုးကွယ်ခဲ့လည်း ဒီမောင်ရင်မှာ အပြစ်လို့မမြင်၊ မတင်ရစ်ခဲ့ဘဲ ဆက်လက်ချစ်ခဲ့၊ ချစ်ဆဲပါကွယ်။

သံယောဇဉ်ဆိုတဲ့ အရာကလည်း အဆန်းသားဗျာ။ အချစ်သစ်မရှာဘဲနေရင်း လာသမျှ သူငယ်ချင်းတွေကို သူမအကြောင်းမေးမြန်းမိနေခဲ့တယ်ဗျာ။ သိပ်တော့မကြာလိုက်ပါဘူး သူမအိမ်ထောင်ကွဲကြောင်းကြားလို့ သူငယ်ချင်းတွေဆီက သူမလိပ်စာကိုယူပြီး ကျွန်တော့်ရင်ခွင်ကို ပြန်လာဖို့ ပြောတော့ သူမကပြန်ဆက်သွယ်ကာ သူမအမှားအတွက် တောင်းပန်ရင်းဖြင့် ကျွန်တော်တို့တွေပြန်ပြေလည်ခဲ့တယ်ဗျာ။ ကျွန်တော်ကတော့ ပြန်လာဖို့ သူမကိုခေါ်တာပေါ့။ ကျွန်တော်သူမကို မတောင့်မတဘ၀မျိုးမှာ ထားနိုင်ကြောင်းပြောတော့ သူမကလည်း `အင်း´ပေါ့ဗျာ။ ဒီလိုနဲ့ ၂ နှစ်သာကြာလာတယ် သူမဆီက ဆက်သွယ်မှုတွေဟာလည်း တဖြည်းဖြည်းခြားလားပြီး ၂ နှစ် အတိမှာတော့ သူမနောက်ထပ်အိမ်ထောင်ပြုရှာတယ် ဆိုတဲ့ သတင်းကြားတယ်ဗျာ။

အဲဒီအချိန်ကစပြီး အခုထက်ထိ သူမကတော့ ကျွန်တော့်ကို အစစအရာရာ အဆက်ဖြတ်ထားပေမယ့် ကျွန်တော့်ကတော့ သူမဘ၀လေး ပြေလည်စေကြောင်း ဆုတောင်းပေးနေမိတယ်။ အကယ်၍ ကျွန်တော့် ဆုတောင်းမပြည့်ခဲ့လျှင်တော့ကော ဆိုသောအတွေးက ကျွန်တော့်ကိုခြောက်လှန့်နေတယ်ဗျာ။ တကယ်လို့ ဆုတောင်းမပြည့်ခဲ့လျှင်ကော အချစ်တွေ အပြည့်နဲ့ စောင့်နေသူတစ်ယောက် သူမကို အမြဲတံခါးဖွင့် ကြိုဆိုနေမယ်ဆိုတာကို သူမလေးသိခဲ့ရင် အချစ်ကိုးကွယ်တတ်သူ ဒီလူသားဘ၀မှာ ကျေနပ်ခြင်းဆိုသော ပီတိလေးဖြစ်နေမှာပါ အမှန်ပါ။

`ချစ်သူဘ၀လေး သာယာအေးချမ်းပါစေဗျာ။ ။´ Posted by Chit Latt at
8:29 PM

 
 

ည ၁၂ နာရီထိုးပြီး မိနစ် ၂၀ ရောက်ပြီဆိုတာနှင့်ပင် သူ့ အာရုံတို့သည် ဖျတ်ခနဲ နိုးလာကာ ပြင်ပမှ အသံဗလံ တို့ကို စတင် ကြားယောင် လာတော့သည်။

မည်းမည်းမှောင်နေသော အမှောင်ထဲတွင်လည်း သူ့မျက်လုံးအစုံသည် အမှောင်မှာကျင့်သားရနေသလို မြင်နေရသောကြောင့် မျက်ခွံတွေကို အတင်းဖိကပ်ပြီး ပိတ်ထားလိုက်သည်။

သူပထမဆုံးသတိထားမိသော အသံကတော့ ဆွဲဆွဲငင်ငင် အူလိုက်သည့် ခွေးအူသံပဲဖြစ်သည်။ တရွာလုံးတွင် တကောင်တည်းသာ ကျန်ခဲ့သော ခွေးသည် ညစဉ်ညတိုင်း ၁၂ နာရီ နှင့် မိနစ် ၂၀ ရောက်လျှင်ပင် ထိုကဲ့သို့ အူသည်မှာ ယခုဆိုလျှင်လပေါင်း ၈ လပင် ပြည့်ခဲ့လေပြီ။

ရှည်လျားသောခွေးအူသံကြောင့် သူသည် ပိုခြောက်ခြားလာမိကာ အမှောင်ထဲမှာပက်လက်အိပ်နေ သော အနေအထားကနေ လုံးဝ မရွေ့ရဲ ၊ နားရွက်ပင် မခတ်ရဲတော့ ချေ။ ထိုစဉ်မှာပင် တ၀ူဝူနှင့် တိုက်ခတ်နေ သော လေသံသည်လည်း ပိုပြင်းထန်လာကာ၊ ငိုသံများ အော်ဟစ်သံများသည်လည်း သူနှင့်တဖြည်းဖြည်း နီးကပ်လာ သလိုကျယ်လောင်ပြင်းထန်လာတော့သည်။

တဇတ်ဇတ်တုန်လာသော သူသည်တဲအတွင်း ကြမ်းခင်းထဲကိုယ်လုံးနစ်မြှုပ်သွားမတပ်ကပ်နေရင်း မျက်လုံးတို့မှ
မျက်ရည်ပေါက်ကြီးများကျလာသည်။

လွန်ခဲ့သော ၈ လအကျော်၊ မေလ ၂ ရက်နေ့ ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းတိုက်သည့် ညက အဖြစ် အပျက်တို့သည် သူ့အာရုံထဲမှာ ပြန်မြင်လာသလို၊ မိုးသံလေသံကြားထဲမှ သူ့ ဇနီးသည်၏  "ယောင်္ကျားရေ…" ဟူသော အော်သံနှင့်သားငယ်လေး၏ ကြောက်လန့်တကြား ငိုဟစ်သံကိုလည်း သူပီပီသသကြားလိုက်ရလေပြီ။

ထို့နောက် လှိုင်းအပုတ်ကြောင့် သူ့လက်ထဲမှ လွတ်ထွက်သွားသော သမီးလေး။ အိမ်ထဲမှာ အုန်းပင်ပိပြီး သေကျန် နေခဲ့သည့် အမေ။

တာပေါ်လင်မိုးထားသော လေးပေပတ်လည် တဲလေးထဲတွင် တဟီဟီအော်ငိုနေ သည့်မောင်မိုးကို ဘေးတ်ဲမှ ဦးကျော်ခင်က သွားရောက်နှစ်သိမ့်ရသည်မှာ ထိုညနှင့်ဆိုလျှင် မရေတွက်နိုင်တော့ ကြောင်း ဦးကျော်ခင်က ပြောပြခဲ့သည်။

"သူက တမျိုးပဲ၊ ညတော်တော်များများမှာ အဲဒီလို နိုးနိုးပြီး ငိုနေတော့တာပဲ၊ နေ့ခင်းတော့ တနေကုန် အလုပ်လုပ် နေတာပဲ ညမှ အော်သံတွေကြားတယ်လို့ပြောပြီး ငိုနေတယ် ကျနော်ကတော့ သူ့လို မကြားဘူး"ဟု ဦးကျော်ခင် က ဆိုသည်။

သူနေထိုင်သော ၀ဲဒေါင့်ဆိုသည့် ကျေးရွာလေးမှာ ကကရို ချောင်းဘေး၊ ပြင်စလူအုပ်စု၊ လပွတ္တာခရိုင်ထဲတွင် ရှိပြီး နာဂစ်မုန်တိုင်းတွင် လူပေါင်း ၄၀၀ ၀န်းကျင်ခန့်သေဆုံးခဲ့သော တံငါ ရွာလေးတရွာ ဖြစ်သည်။ယခုအခါ လူ ၁၀၀ ၀န်းကျင်ခန့်ကျန်ရစ်ကြပြီး ယခင်တုန်းကလိုပင် ရေလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြသည်။

ထိုရွာကလေးတွင် မောင်မိုးကဲ့သို့ နာဂစ်တိုက်ခတ်တုန်းက လေသံနှင့်ရောနေသော လူအော်သံများကို ညတွေမှာ ကြားရသူများ ရှိကြောင်း ဦးကျော်ခင်၏  ပြောပြချက်အရ သိရ သည်။

ထိုရွာကဲ့သို့ပင် ပိတောက်ကုန်းရွာသည်လည်း သူရဲခြောက်သော ရွာဟု ကျော်ကြားကြောင်း လပွတ္တာမြို့မှ စက်လှေနှင့် ၄နာရီခန့်သွားရသော ပိတောက်ကုန်းရွာသားတယောက်က ပြောဆိုသည်။

"ခရစ္စမတ်နေ့တုန်းက လူလည်းတယောက်မှ မရှိဘဲနဲ့ သူတို့ဘုရားကျောင်းပျက်ကြီးနေရာကနေ ခေါင်း လောင်း ထိုးသံတွေ ထွက်လာတာ တညလုံးပဲ၊ ဟိုဘက် သိပံ္ပကုန်းကြီးရွာကတောင် ကြားရတယ်" ဟု အဆိုပါ ရွာသားက ဆိုသည်။

နာဂစ်မုန်တိုင်းတိုက်စဉ်က အဆိုပါ ဘုရားကျောင်းထဲတွင် ပိတ်မိပြီး လူပေါင်း ၁၀၀ကျော်ခန့်သေဆုံးခဲ့သော ကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက ဘုရားရှိခိုးသံများ၊ ခေါင်းလောင်းထိုးသံများနှင့် စကားပြောသံများပင်
ကြားရသလို၊ ကရင်နှစ်ကူး နေ့တုန်းကလည်း လူသံများ ကြားနေရကြောင်း ပိတောက်ကုန်း ရွာသား တဦးက ပြောပြသည်။

ပိတောက်ကုန်းရွာသားတဦးကတော့ ရွာတွင် ညနေ ၆နာရီထိုးတာနှင့်ပင် လူခြေတိတ်ပြီး အသွားအလာ မရှိကြ တော့ကြောင်း၊ ရွာ၏ ဘုရားကျောင်းအနီးသာမက လူအသေအပျောက်များခဲ့သော ကွင်းဘက်မှာလည်း သူရဲ ခြောက်သည်ဟု ပြောသံကြားကြောင်း သူကတော့ တခါမှ အခြောက်မခံရဘူးကြောင်းပြောပြသည်။

ထို့ပြင် အခြားပြဿနာ တခုမှာ နာဂစ်မုန်တိုင်းဒဏ်ခံရသော ရွာအများစုတွင် အရက်ဆိုင်များပေါ်လာပြီး အဆိုပါ ဒေသများမှ အမျိုးသားများမှာ အရက်ကို ယခင်ကထက်ပင် ပိုသောက်လာကြသည်ကို တွေ့မြင်ရသည်။

"ကျနော်လေ ညဆို အရက်မူးအောင် သောက်ပြီးမှ အိပ်တယ်၊ မသောက်တဲ့နေ့ ဆိုရင် ကျနော် ဘယ်လို မှ အိပ်လို့မရဘူး၊ ကျနော့် မိန်းမနဲ့ ကလေးတွေကို သိပ်သတိရတယ်၊ မေ့လို့မရဘူး" ဟု ကလေး ၃ ယောက်နှင့် ဇန်ီးသည် ကို ဆုံးရှုံးခဲ့ရသူ ကိုခင်မောင်ဆွေက အာလေးလျှာလေးအသံနှင့်ပင် ငိုယိုကာ ပြောဆိုသည်။

ကိုခင်မောင်ဆွေကဲ့သို့ပင် မိသားစု ဆုံးရှုံးခဲ့ရသူများသည် ညနေ အလုပ်သိမ်းချိန်ဆိုလျှင် အရက်ရောင်းသည့် အိမ်ဝင်ကာ အရက်မူးအောင်သောက်ပြီးမှအိမ်ပြန်ကြကြောင်း၊ ၄င်းတို့အနေနှင့် ယခင်က အရက်ကို စွဲစွဲလမ်း လမ်း သောက်သူများမဟုတ်သော်လည်း နာဂစ်ကြောင့် မိသားစု ၀င်များဆုံးပါးပြီးကတည်းက အရက်ကို ညနေ တိုင်းမူးအောင်သောက်လာကြကြောင်း၊ ထိုအရက်သောက်သူ အများစုမှာလည်း သူရဲခြောက်ခံရတတ်ပြီး သူရဲ ခြောက်ခံရမှာကို ကြောက်သောကြောင့် အရက်သောက်သူများလည်း ရှိလာကြောင်း ကုန်းကြီးရွာသားတဦး က ပြောဆိုသည်။

ကုန်းကြီးရွာသည်လည်း ပြင်စလူအုပ်စုထဲတွင် ပါဝင်ကာ ရွာရှိလူ၏ ၇၀ ရာနှုန်း မှာ နာဂစ်ကြောင့် သေဆုံးသွားခဲ့ရ ကြောင်း သိရသည်။

ရွာလုံးကျွတ်နီးပါး သေဆုံးခဲ့ရသော ချောင်းကြီးရွာသားတဦးကလည်း ည ၁ နာရီလောက်ဆိုလျှင် လူသံများကြား ရ ကြောင်း၊ လူသံများမှာ လူအုပ်သံများဖြစ်နေကြောင်း သူလည်းကြားရသည့်အတွက် မေတ္တာပို့အမျှဝေနေ ကြောင်း ပြောဆိုသည်။

"ကျနော့် စိတ်အထင်ပြောရမယ်ဆိုရင်လေ၊ သူတို့အတွက် တခုခုလုပ်ပေးဖို့ လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သေလို့သေမှန်းမသိဖြစ်သွားကြရတဲ့သူတွေလေ၊ ခုချိန်ထိ သူတို့အတွက်သက်ဆိုင်တဲ့သူတွေက ရည်းစူးပြီး လုပ်ပေးတာမျိုးလည်း မရှိသေးဘူးဆိုတော့"ဟု သူက သူ့ ထင်မြင်ချက်ကို ပြောဆိုသည်။

လပွတ္တာမြို့တွင်လည်းကောင်း၊ ပြင်စလူမြို့ပေါ်တွင်လည်းကောင်း၊ ဘိုကလေးမြို့ပေါ်တွင်လည်းကောင်း သေဆုံး သွားရသူများအတွက်ဟု ရည်စူးပြီး မြို့ခံများနှင့် စေတနာရှင်များက ဆွမ်းကပ်ခြင်း၊ အမျှဝေခြင်းများ ပြုလုပ်ခဲ့ကြ သည်ဟု သိရသည်။

အလောင်းများတင်နေသော ရွာများမှ ဒေသခံများကသာ အလောင်းများကို ကျင်းတူးပြီး မြှုပ်ပေးခဲ့သော်လည်း သရဏဂုံ တင်ခြင်းလည်းမရှိခဲ့ကြောင်း ပြောဆိုကြသည်။

ထို့ကြောင့် သေဆုံးသူများနှင့်ပတ်သက်ပြီး သက်ဆိုင်သူများနှင့် သက်ဆိုင်ရာနေရာဒေသ အလိုက် ပြုလုပ်သင့် သလို၊ ဒေသခံများပြုလုပ်နိုင်ရေးကိုလည်းအစိုးရမှ ပံ့ပိုးကူညီသင့်ကြောင်း ချောင်းကြီးရွာသားက ပြောဆိုသည်။

ရန်ကုန်ရှိ စိတ်ပညာဌာနမှ ဆရာတဦးကလည်း ဒေသခံများ၏ အစွဲဆိုသည်မှာရှိတတ်ကြောင်း သူတို့ စိတ်သန့် စေရန်အတွက် တခုခုတော့ လုပ်ပေးသင့်ကြောင်း ၊ ထိုအစွဲကြောင့် ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုကြီးထွားလာနိုင်သလို အခြားလူများကိုလည်း ထိခိုက်မှုများရှိလာနိုင်ကြောင်း ပြောဆိုသည်။

"သူရဲ ဆိုတာကို ယုံကြည်တဲ့သူ ရှိသလို၊ မယုံကြည်တဲ့သူတွေလည်း ရှိတယ်၊ ယုံတဲ့သူတွေမှာတော့ သူရဲဆိုတာ ခြောက်နေဦးမှာပဲ…အဲဒါကို နားလည်ပြီး သေဆုံးသွားတဲ့သူတွေအတွက် ဆွမ်းသွပ်ပေးတာ၊ အမျှဝေပေးတာမျိုး ကို ဘာသာအလိုက် လုပ်ပေးသင့်တယ်" ဟု အဆိုပါ ပညာရှင်က သုံးသပ်ပြောဆိုသည်။

 

    Author

    Write something about yourself. No need to be fancy, just an overview.

    Archives

    February 2009

    Categories

    All

    RSS Feed